ဆိုက်ယာနိုက်အကြောင်း အချက်အလက်များ
ဆိုက်ယာနိုက်သည် အလွန်အဆိပ်ပြင်းသော ဓာတုပစ္စည်း ဖြစ်ပြီး အခဲ၊ အရည် သို့မဟုတ် ဓာတ်ငွေ့ပုံစံများ (ဥပမာ- ဟိုက်ဒရိုဂျင်ဆိုက်ယာနိုက်၊ ပိုတက်စီယမ်ဆိုက်ယာနိုက်၊ ဆိုဒီယမ်ဆိုက်ယာနိုက်) ဖြင့် တွေ့ရှိရသည်။ ၎င်းကို သတ္တုတူးဖော်ရေး၊ စက္ကူထုတ်လုပ်ရေး၊ ပလတ်စတစ်နှင့် သားရေအတုစသည့် လုပ်ငန်းများတွင် အသုံးပြုသည်။ ဆိုက်ယာနိုက်သည် ကန်စွန်းဥစိမ်း၊ ဝါးမျှစ်နုနှင့် ပဲအချို့ကဲ့သို့သော အပင်များတွင်လည်း သဘာဝအတိုင်း တွေ့ရှိရသည်။ မျိုချမိခြင်း၊ ရှူရှိုက်မိခြင်း သို့မဟုတ် စုပ်ယူမိသောအခါ ဆိုက်ယာနိုက်သည် အောက်ဆီဂျင်အသုံးပြုမှုကို ပိတ်ဆို့ခြင်းဖြင့် ဆဲလ်လုပ်ငန်းဆောင်တာကို နှောင့်ယှက်ကာ အသက်အန္တရာယ်ရှိသော ကိုယ်တွင်းအင်္ဂါချို့ယွင်းမှုကို ဖြစ်စေသည်။
ဆိုက်ယာနိုက်အဆိပ်သင့်ခြင်း၏ လက္ခဏာများ
ဆိုက်ယာနိုက်သည် ဆဲလ်များကို အောက်ဆီဂျင်ငတ်မွတ်စေပြီး အထူးသဖြင့် ဦးနှောက်နှင့် နှလုံးသွေးကြောစနစ်ကို ထိခိုက်စေသည်။ ပြင်းထန်မှုသည် အမျိုးအစား၊ ပမာဏနှင့် ထိတွေ့မှုကြာချိန်ပေါ်မူတည်၍ ကွဲပြားသည်-
- ထိတွေ့သည့်နေရာ (အရေပြား/မျက်လုံး) တွင် ယားယံခြင်း။
- မူးဝေခြင်း၊ ပျို့အန်ခြင်း။
- အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူနှေးခြင်း/တိမ်ခြင်း။
- အားနည်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း။
- တက်ခြင်း၊ သွေးပေါင်ကျခြင်း။
- အသက်ရှူရပ်ခြင်း သို့မဟုတ် နှလုံးရပ်ခြင်း။
ဆိုက်ယာနိုက်အဆိပ်သင့်ခြင်းအတွက် ကုသမှု
ထောက်ပံ့ကူညီမှု:
- လေလမ်းကြောင်းကိုရှင်းလင်းပြီး အောက်ဆီဂျင်ပေးပါ။
- သွေးကြောသွင်းအရည်များနှင့် သွေးပေါင်ချိန်ထိန်းဆေးများ ပေးပါ။
- ဆေးဝါးများဖြင့် အက်ဆစ်ဓာတ်လွန်ကဲခြင်း သို့မဟုတ် တက်ခြင်းကို ပြုပြင်ပါ။
အဆိပ်ဖြေဆေး:
- ဆိုဒီယမ်နိုက်ထရိုက် နှင့် ဆိုဒီယမ်သိုင်အိုဆာလ်ဖိတ် တို့သည် ဆိုက်ယာနိုက်၏သက်ရောက်မှုများကို ပြန်လည်ဖြေရှင်းပေးသည်။
ဆိုက်ယာနိုက်ထိတွေ့မှုအတွက် ရှေးဦးသူနာပြုစုခြင်း
- အရေပြားထိတွေ့မှု: ညစ်ညမ်းနေသော အဝတ်အစားများကို ဖယ်ရှားပြီး ဆပ်ပြာနှင့်ရေဖြင့် ဆေးကြောပါ။
- မျက်လုံးထိတွေ့မှု: ၁၀ မိနစ်အထက် ကြာအောင် သန့်ရှင်းသောရေဖြင့် ဆေးကြောပါ။
- ရှူရှိုက်မိခြင်း: ချက်ချင်း လေကောင်းလေသန့်ရရှိသည့်နေရာသို့ ရွှေ့ပါ။
- သတိမေ့/တုံ့ပြန်မှုမရှိပါက: လက်ဖြင့်သာ CPR ပြုလုပ်ပါ (မိမိကိုယ်တိုင် ထိတွေ့မှုမှ ကာကွယ်ရန် ပါးစပ်ဖြင့် မပြုလုပ်ပါနှင့်)။
- ချက်ချင်း အရေးပေါ်ဆေးကုသမှု ခံယူပါ။